ဌာနေလူမျိုးလူထု အမွေအနှစ်များ

ဌာနေလူမျိုးအခွင့်အရေးနှင့် ကာကွယ်မှု

ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးအတွက် ကမ္ဘာတခုလုံးရှိလှုပ်ရှားမှုသည် ကြားနေကျ ယဉ်ကျေးမှုထိန်းသိမ်းရေး သို့မဟုတ် ဘိုးဘွားပိုင်မြေယာအသုံးပြုခွင့် တောင်းဆိုခြင်းမျှထက် များစွာပင် ပိုမိုနက်ရှိုင်းသည်။ တိုက်ပွဲသည် သမိုင်းတလျှောက် ဌာနေလူ့အဖွဲ့အစည်းများကို ဖယ်ကျဉ်ခြင်း သို့မဟုတ် ဖိနှိပ်ခြင်းပြုခဲ့သည့် လူထုကြား လွှမ်းမိုးထားသော နိုင်ငံရေးနှင့် တရားဥပဒေဆိုင်ရာ မူဘောင်များကို အခြေခံမှစ၍ ပြန်လည်မေးခွန်းထုတ်ခြင်း ဖြစ်သည်။ ဤလှုပ်ရှားမှုသည် တရားမျှတမှု၊ အသိအမှတ်ပြုမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် နက်ရှိုင်းသော အဘိဓမ္မာနှင့် အတွေးအခေါ်ဆိုင်ရာ အခြေခံမူများပေါ်တွင် အခြေပြုထားသည်။


ဌာနေလူမျိုးအခွင့်အရေးများကို အခြေခံထားသော အဓိက အတွေးအခေါ်ဆိုင်ရာ အုတ်မြစ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်။ တိုင်းရင်းသားအခွင့်အရေးများ၏ အဓိကအချက်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူပင် ဖြစ်သည်။ ဤဥပဒေသအရ လူမျိုးအားလုံးသည် မိမိတို့၏ နိုင်ငံရေး အဆင့်အတန်းကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နှင့် မိမိတို့လူမျိုး၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မိမိတို့ဘာသာ ဖန်တီးပိုင်ခွင့် ရှိသည်။ ဌာနေလူမျိုးများ အတွက်ဆိုလျှင် ကိုယ်ပိုင်ဥပဒေများ၊ ဓလေ့ထုံးစံများနှင့် လောကအမြင်များအရ မိမိတို့ကိုယ်ကို အုပ်ချုပ်ပိုင်ခွင့်ကို ဆိုလိုသည်။
  • ဓလေ့ဥပဒေနှင့် လောကအမြင်မျိုးစုံကို အသိအမှတ်ပြုခြင်း။ မတူကွဲပြားသော လူမျိုးများစွာ ရှိသည့် နိုင်ငံတခုကို တခုတည်းသော ဥပဒေစံနှုန်းဖြင့် အုပ်ချုပ်ခြင်းသည် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ကို တိုက်စားစေသည်ဟု ဤအမြင်က ရှုမြင်သည်။ ဤသည်က နိုင်ငံတော်တခုအတွင်း တရားဥပဒေစနစ်တခုထက်ပို၍ တရားဝင်တည်ရှိနိုင်သည်ကို အသိအမှတ် ပြုသည့် ဥပဒေရေးရာ ဗဟုဝါဒ (Legal Pluralism)[1] ကို လက်ခံရန်အတွက် လိုအပ်သည်။ ဌာနေတိုင်းရင်းသားတို့၏ ဓလေ့ထုံးစံဥပဒေနှင့် အငြင်းပွားမှုဖြေရှင်းရေး ယန္တရားများသည် နိုင်ငံတော်၏ ဥပဒေကဲ့သို့ပင် တန်းတူအသိအမှတ်ပြုမှုနှင့် ကာကွယ်မှုကို တန်းတူခံစားခွင့်ရှိသော တရားဝင်အုပ်ချုပ်မှုပုံစံများ ဖြစ်သည်။
  • သမိုင်းဝင် မတရားမှုများကို အသိအမှတ်ပြုခြင်း။ ဌာနေတိုင်းရင်းသားအခွင့်အရေးများ၏ အခြေခံအုတ်မြစ်တခုမှာ ကိုလိုနီပြုခြင်း၊ အတင်းအကျပ် ရွှေ့ပြောင်းခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ ဖိနှိပ်ခြင်းနှင့် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းကဲ့သို့သော သမိုင်းဝင်ဒဏ်ရာနက်နက်များ ရှိခဲ့ကြောင်းနှင့် ယင်းဒဏ်ရာများကို ကုစားရန် လိုအပ်ကြောင်း အလေးအနက် အသိအမှတ်ပြုခြင်း ဖြစ်သည်။ ဤအတိတ်က ဒဏ်ရာများသည် သမိုင်းစာမျက်နှာပေါ်တွင် ကျန်ရစ်ခဲ့သော အရာများမဟုတ်ဘဲ၊ လက်ရှိ လူမှုစီးပွား မညီမျှမှုများကို တိုက်ရိုက်ဆိုသလိုပင် ပုံဖော်နေဆဲဖြစ်သည်။ ထို့ကြောင့် တရားမျှတမှုသည် အတိတ်ကအမှားများကို ပြန်လည်ကုစားခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း ကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
  • မြေယာ၊ ကမ္ဘာ၊ သဘာဝနှင့် လူသားအကြား အပြန်အလှန်ဆက်နွယ်မှု။ ဌာနေတိုင်းရင်းသား အတွေးအခေါ်များသည် မြေယာ၊ သဘာဝနှင့် လူ့အဖွဲ့အစည်းကို နက်ရှိုင်းစွာ အပြန်အလှန် ချိတ်ဆက်နေသည့်အရာများအဖြစ် ရှုမြင်လေ့ရှိသည်။ ချင်းလူမျိုး၏ “ရမ်”၊ ကချင်လူမျိုး၏ “ဆင်လီ” ကဲ့သို့သော မူလအယူအဆများသည် တဦးချင်းပိုင်ဆိုင်မှုကို ဗဟိုပြုသည့် အရင်းရှင် အမြင်များနှင့် ခြားနားသည်။ မြေယာသည် ရောင်းဝယ်စရာ ပစ္စည်းသက်သက်မျှ မဟုတ်ဘဲ၊ ဆွေမျိုးတဦးပမာ၊ ဝိညာဉ်ဆိုင်ရာ ဘာသာရေးယုံကြည်မှု၊ အပ်နှံမှုတခုပမာ ဖြစ်သည်။ ထို့ကြောင့် ဌာနေတိုင်းရင်းသားအခွင့်အရေးများသည် သဘာဝပတ်ဝန်းကျင်ကို တရားလွန်အမြတ်မထုတ်ဘဲ ရေရှည်တည်တံ့အောင် စောင့်ရှောက်သည့် ကျင့်ဝတ်များနှင့် နက်ရှိုင်းစွာ ဆက်စပ်နေသည်။


၂၀၀၇ ခုနှစ်တွင် အတည်ပြုခဲ့သော ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (UNDRIP)[2] သည် ဤအခွင့်အရေးများအတွက် အရေးပါသော နိုင်ငံတကာမှတ်တိုင်တခု ဖြစ်သည်။ ဥပဒေအရ အလုံးစုံစည်းနှောင်မှုမရှိသည့်တိုင်၊ စာတမ်းက ခိုင်မာသော ကိုယ်ကျင့်တရားဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ဩဇာသက်ရောက်မှုရှိသည်။

 

UNDRIP ၏ အဓိကလက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည်။


  • ပုဒ်မ (၃) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် - ဌာနေတိုင်းရင်းသားလူမျိုးများ မိမိတို့၏ နိုင်ငံရေး အခြေအနေကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို အတည်ပြုသည်။
  • ပုဒ်မ (၁၀) လွတ်လပ်စွာ၊ ကြိုတင်၍ အသိပေးထားပြီးမှ သဘောတူညီချက် (FPIC) - မိမိတို့၏ မြေယာ သို့မဟုတ် သယံဇာတများကို ထိခိုက်စေမည့် စီမံကိန်းများ မလုပ်ဆောင်မီ ဌာနေတိုင်းရင်းသားလူမျိုးများထံမှ သဘောတူညီချက် ရယူရမည်ဟု ပြဋ္ဌာန်းသည်။
  • ပုဒ်မ (၂၆) မြေယာအခွင့်အရေး - ရိုးရာမြေများနှင့် နယ်မြေများကို ပိုင်ဆိုင်ရန်၊ အသုံးပြုရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထိန်းချုပ်ရန် အခွင့်အရေးကို အသိအမှတ်ပြုသည်။
  • ပုဒ်မ (၃၁) ယဉ်ကျေးမှုနှင့် ဉာဏပစ္စည်း - ဌာနေတိုင်းရင်းသားအမွေအနှစ်၊ ဘာသာစကား များနှင့် ရိုးရာဗဟုသုတများကို ထိန်းသိမ်းရန်၊ ထိန်းချုပ်ရန်နှင့် ကာကွယ်ရန် အခွင့်အရေးကို အတည်ပြုသည်။


UNDRIP ကြောင့် ဌာနေတိုင်းရင်းသားရှုထောင့်များသည် နိုင်ငံတကာဥပဒေတွင် ပြန်အရေးပါလာပြီး အားကောင်းသော တောင်းဆိုမှုကိရိယာတခု ဖြစ်လာခဲ့သည်။ သို့သော် နိုင်ငံအများစုတွင်မူ လက်တွေ့ အကောင်အထည်ဖော်မှု အားနည်းနေဆဲဖြစ်သည်။ ကမ္ဘာတဝှမ်းရှိ ဌာနေတိုင်းရင်းသား အများအပြားအတွက်မူ ဤအခွင့်အရေးဆိုင်ရာ အခြေခံမူများသည် စာအုပ်ထဲမှ သီအိုရီသဘောတရားများ သက်သက်မဟုတ်ဘဲ၊ ခုခံတော်လှန်ရေးလှုပ်ရှားမှုများ၏ အသက်သွေးကြောများအဖြစ် လက်တွေ့ရှင်သန်နေပါသည်။


  • ဇာပါတစ္စတာ လှုပ်ရှားမှု (မက္ကဆီကို) - ချီအာပါ့စ်ရှိ EZLN တပ်မတော်[3]သည် ၁၉၉၄ ခုနှစ်တွင် တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ နီယိုလစ်ဘရယ်ဝါဒ[4]ဆန့်ကျင်ရေးနှင့် နိုင်ငံတော်ယန္တရား၏ လျစ်လျူရှုမှုကို ခုခံရန်အတွက် ဌာနေဓလေ့များတွင် အမြစ်တွယ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ တည်ထောင်ခဲ့သည်။
  • Idle No More[5] (ကနေဒါ) - ဌာနေတိုင်းရင်းသူအမျိုးသမီးများ ဦးဆောင်သော ဤလှုပ်ရှားမှုသည် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် တိုင်းရင်းသားအချုပ်အခြာအာဏာကို ထိခိုက်စေသော ဥပဒေများကို ဆန့်ကျင်ရန် ပညာရေး၊ တိုက်ရိုက်လုပ်ဆောင်မှု[6]နှင့် ရိုးရာဓလေ့များကို အသုံးပြုသည်။
  • မာပူချီ ရုန်းကန်မှုများ (ချီလီနှင့် အာဂျင်တီးနား) - မာပူချီလူမျိုးများသည် သူတို့၏ နယ်မြေ အခွင့်အရေးများ၊ ယဉ်ကျေးမှုထိန်းသိမ်းမှုနှင့် ကော်ပိုရိတ်အမြတ်ထုတ်မှုကို ခုခံရန်အတွက် မြေယာသိမ်းဆည်းမှုနှင့် စစ်တပ်၏ ဖိနှိပ်မှုကို ဆက်လက်တိုက်ပွဲဝင်နေကြသည်။
  • အမေဇုံ တိုင်းရင်းသားခုခံမှု (ဘရာဇီး၊ ပီရူး၊ အီကွေဒေါ) - အမေဇုံတလျှောက်ရှိ တိုင်းရင်းသား အုပ်စုများစွာသည် သစ်တောပြုန်းတီးခြင်း၊ ရေနံထုတ်ယူခြင်းနှင့် ရာသီဥတု ဖျက်ဆီးခြင်းတို့ကို ရှေ့တန်းမှ ခုခံနေကြပြီး ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်လှုပ်ရှားမှု၏ ပြယုဂ်များ ဖြစ်လာကြသည်။


ဌာနေတိုင်းရင်းသားအခွင့်အရေးများသည် အထူးအခွင့်အရေးများ သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာ ညှိနှိုင်းမှုများ မဟုတ်ပါ။ ဤအခွင့်အရေးများမှာ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟူသော အခြေခံမူများတွင် အမြစ်တွယ်နေပေသည်။ ကမ္ဘာအနှံ့ရှိ ဌာနေတိုင်းရင်းသားလှုပ်ရှားမှုများသည် မြေယာကို ပြန်လည်ရယူနေရုံသာမက၊ ၂၁ ရာစုတွင် ဒီမိုကရေစီ၊ ကမ္ဘာမြေရေရှည်တည်တံ့မှုနှင့် လူ့အခွင့်အရေးတို့၏ အဓိပ္ပာယ်ကိုပါ ပြန်လည်ပုံဖော်နေကြခြင်း ဖြစ်သည်ဟု နားလည်ရန် ဖြစ်သည်။

ကောင်းပါပြီ။ ယင်းလှုပ်ရှားမှုအများစုနှင့် ဌာနေတိုင်းရင်းသား အခွင့်အရေးများ၏ ဒဿနများသည် အခြေခံအားဖြင့် ပင်လယ်ဖြတ်ကျော်ကိုလိုနီစိုးမိုးမှု (Saltwater Colonialism) ကို ဆန့်ကျင်ရန်၊ ပြန်လည်၍ ပြုပြင်ရန် စီမံထားခြင်းမျိုးက ပိုများပါသည်။ သို့ရာတွင် နိုင်ငံတော်များက အတွင်းဘက်ရှိ လူမျိုးလူထုများကို ပြန်လည်စိုးမိုးသည့် Internal Colonialism တွင်ကော မည်သို့ အခြေအနေရှိသည်ကို ကြည့်ပါစို့။ အာရှတွင် လက်ရှိခေတ်ကာလ ဌာနေတိုင်းရင်းသားတို့၏ လှုပ်ရှားမှုများသည် Saltwater colonialism ပုံစံထက် Internal colonialism ပုံစံ ပို၍ဖြစ်သည်။


ကနေဒါ သို့မဟုတ် ဩစတြေးလျကဲ့သို့သော အခြေချနေထိုင်သူ-ကိုလိုနီနယ်မြေများတွင်၊ ဒေသခံတိုင်းရင်းသားတို့၏မြေကိုသိမ်းယူခဲ့ပြီး၊ ပြည်ပမှ အုပ်ချုပ်ရေးစနစ်များ ချမှတ်ခဲ့ကာ ဒေသခံတို့၏ ယဉ်ကျေးမှုဆိုင်ရာ တည်ရှိမှုကို ငြင်းပယ်ခဲ့ကြသော အခြေချနေထိုင်သူများ၏ မျိုးဆက်များထံမှ ပင်ရင်းဌာနေလူမျိုးများကို အကာအကွယ်ပေးရန် “ဌာနေတိုင်းရင်းသား အခွင့်အရေးများ” အနေဖြင့် ရှင်းလင်းစွာ ရည်ရွယ်သည်။ သို့သော် အာရှဒေသ အများစုတွင်မူ အဆိုပါ အတားအဆီးမျဉ်းများမှာ မှုန်ဝါးနေသည်။ အာရှ၌၊ သမိုင်းအစဉ်အလာအရ အခြေချနေထိုင်ခဲ့ကြပြီး အမြစ်တွယ်နေခဲ့ကြသော "လူများစု" များ ရှိသကဲ့သို့၊ သမိုင်းအရ ထပ်တူရှေးကျသည့်တိုင် ဗဟိုချုပ်ကိုင်မှုရှိသော နိုင်ငံတော်၏ နိုင်ငံရေး၊ ယဉ်ကျေးမှု သို့မဟုတ် စီးပွားရေးအရ အဖိနှိပ်ခံနေရသော "လူနည်းစု" များ လည်း မကြာခဏဆိုသလို တွေ့ရှိရသည်။


ထို့ကြောင့်၊ အာရှနှင့် အရှေ့တောင်အာရှ၏ အခြေအနေတွင် ဒေသခံတိုင်းရင်းသား အခွင့်အရေးများက အကာအကွယ်ပေးရန် ကြိုးပမ်းနေခြင်းမှာ မည်သူက အရင်ဆုံး ရောက်ရှိလာခဲ့သည်ဟူသော မေးခွန်းမဟုတ်တော့ပေ။ ခေတ်သစ်နိုင်ငံတော် စီမံကိန်း လုပ်ငန်းစဉ်ကြောင့် ဖွဲ့စည်းပုံအရ စွမ်းအားမဲ့သွားသူ (structurally disempowered) မည်သူဖြစ်သည်ဟူသော မေးခွန်းသာဖြစ်တော့သည်။ အမျိုးသားနိုင်ငံ၊ ကိုလိုနီနိုင်ငံများ တည်ထောင်ရာတွင် လူထုများထိခိုက်နစ်နာမှုသည် ဝေးလံသော အရပ်မှ ရောက်ရှိလာသည့် ကိုလိုနီနယ်ချဲ့များထံမှရခဲ့သော်လည်း လက်ရှိတွင် အကောင်အထည်ဖော်နေသူမှာ အစိုးရများ ဖြစ်တော့သည်။ ထို့ကြောင့် အတွင်းဘက်သို့ကိုလိုနီပြုခြင်း ဟူသည့် ဗဟိုချုပ်ကိုင်မှုရှိသော နိုင်ငံတော်မှ တခုတည်းသော အမျိုးသားအမှတ်လက္ခဏာ၊ ဘာသာစကားနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပုံစံတို့ကို အတင်းအကျပ် ချမှတ်ခြင်းမှ ဒဏ်ရာများနှင့် ထိခိုက်မှုများ ပိုဖြစ်ပေါ်လာသည်။ ယင်းလုပ်ရပ်များသည် လူမှုအသိုက်အမြုံများစွာ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အသိပညာပညာရပ်ဆိုင်ရာ နည်းစနစ်များနှင့် စားဝတ်နေရေး စနစ်များကို တိုက်စား ပျက်စီးစေပါသည်။


ထို့ကြောင့် မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင် သို့မဟုတ် အင်ဒိုနီးရှား နိုင်ငံများတွင် ဒေသခံတိုင်းရင်းသား တောင်းဆိုချက်များသည် အောက်ပါ အခြေအနေများမှ အကာအကွယ်ပေးရန် ရည်ရွယ်ရမည်။


  • နိုင်ငံက တသားတည်းဖြစ်အောင်လုပ်ပစ်ခြင်း (State Homogenization) - အမျိုးသား ယဉ်ကျေးမှု၊ ဘာသာစကားနှင့် စီးပွားရေးစနစ်တွင် ပေါင်းစည်းရန် ဖိအားပေးခြင်း။
  • အရင်းအမြစ် ထုတ်ယူမှုနှင့် မြေယာပိုင်ဆိုင်မှု ဆုံးရှုံးသွားရခြင်း (Resource Extraction and Dispossession) - “ဖွံ့ဖြိုးတိုးတက်ရေး” အကြောင်းပြချက်ဖြင့် မြေယာသိမ်းယူမှု၊ သတ္တုနှင့် သယံဇာတတူးဖော်ရေး သို့မဟုတ် ရေကာတာ စီမံကိန်းများ။
  • အသိတရားတွင် လွှမ်းမိုးမှုခံရခြင်း (Epistemic Domination) - ဒေသခံ အသိပညာစနစ်များ၊ ဝိညာဉ်ရေးရာ ယုံကြည်မှုများနှင့် မြေယာအခြေပြု အုပ်ချုပ်မှုပုံစံများအား ပယ်ဖျက်အောင် တဘက်သတ်သင်ကြားခြင်း၊ ဝါဒဖြန့်ခြင်း (ဥပမာ ဗြူရိုကရေစီ၏ "ကျိုးကြောင်းဆီလျော်မှု" ကို နှစ်သက်လက်ခံအောင် တဘက်သတ် သင်ကြားပေးခြင်း)
  • ဥပဒေအရ ပျောက်ကွယ်သွားရခြင်း (Legal Invisibility) - ဓလေ့ထုံးတမ်းအရ ပိုင်ဆိုင်မှု၊ စုပေါင်းပိုင်ဆိုင်မှု သို့မဟုတ် ရိုးရာတရားစီရင်ရေး စနစ်များကို အသိအမှတ်မပြုသည့် နိုင်ငံတော်ဥပဒေများမှတဆင့်။
  • နိုင်ငံရေးအရ ဖယ်ကျဉ်ခံရခြင်း (Political Exclusion) - အသိုက်အမြုံဝင်တို့က မိမိတို့မြေနှင့် အသက်မွေးဝမ်းကျောင်းများကို တိုက်ရိုက်ပုံဖော်ပေးမည့် နိုင်ငံတော်မူဝါဒများ ရေးဆွဲရာတွင် ကိုယ်စားပြုခွင့် မရှိခြင်း။


ယခု ကုလသမဂ္ဂ ဒေသခံတိုင်းရင်းသားများ အခွင့်အရေး ကြေညာစာတမ်း (UNDRIP) သည် အာရှတွင် လိုအပ်ပါရဲ့လား သို့မဟုတ် အဓိပ္ပာယ်ရော ရှိပါရဲ့လားဟူသည့် မေးခွန်းကို ကြည့်ပါစို့။


အာရှတွင် UNDRIP သည် မဟာဗျူဟာအရ အသုံးဝင်သလို အတွေးအခေါ်အရ အခက်အခဲရှိသည်။ UNDRIP သည် ဒေသခံ အသိုက်အဝန်းများက ဗြူရိုကရက်နိုင်ငံအပေါ် ဖိအားပေးနိုင်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွတ်လပ်စွာ ကြိုတင်၍ အသိပေးသဘောတူညီချက် (FPIC)၊ မြေယာအခွင့်အရေး စသည့် ကိုယ်ကျင့်တရားနှင့် ဥပဒေဆိုင်ရာ ဝေါဟာရများကို ပံ့ပိုးပေးသောကြောင့် အသုံးဝင်သည်။ ထို့အပြင် ဒေသတွင်း ရုန်းကန်မှုများကို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး မူဘောင်များနှင့် ချိတ်ဆက်ပေးသည်။ သို့သော် အာရှရှိ ဒေသခံတို့၏ ဌာနေတိုင်းရင်းသားဖြစ်မှု၏ သဘာဝတည်ရှိပုံ (ontology) သည် Indigenous vs. Settler သဘာဝ မဟုတ်ဘဲ၊ ဒေသခံအချင်းချင်း ဆက်နွှယ်မှုနှင့် ထပ်တူထပ်မျှဖြစ်မှု သဘောများကြောင့် စိတ်ရှုပ်ထွေးစရာဖြစ်သည်။ ဥပမာ မြန်မာနိုင်ငံတွင် စိုးမိုးသည့် ဗမာလူများစုက “ဗမာသည်လည်း တိုင်းရင်းသားပါ” ဟု ဆိုကြမည်။ မှန်သည်။ သို့သော် ယင်းအယူအဆအောက်တွင် ဌာနေလူမျိုးလူထု ပိုနည်းသော လူအုပ်စုများကို UNDRIP က မည်သို့ ကာကွယ်မည်နည်း။

ဌာနေလူမျိုးအုပ်စုအများစုသည် ရာစုနှစ်ပေါင်းများစွာ ရောနှောယှက်နွယ်ကာ နေထိုင်လာခဲ့ကြသည်။ အုပ်စုတစ်ခုအား "ဌာနေတိုင်းရင်းသား" ဟု ကြေညာလိုက်ခြင်းသည် သရုပ်လက္ခဏာကို သီးသန့် ဥပဒေရေးရာ အမျိုးအစားတခုအဖြစ် တရားသေအဆင့်ဝင်သွားစေရန် အန္တရာယ်ရှိသည်။ ဆိုလိုသည်က ဥပဒေမှတဆင့် အသိအမှတ်ပြုမှုသည် "စစ်မှန်မှု" သို့မဟုတ် "ကွဲပြားခြားနားမှု" ကို သက်သေပြရန်အပေါ် မူတည်သည့် အဖြူအမည်း (ဒါမဟုတ်ရင်ဒါပဲဟူသည့်) ကိုလိုနီနယ်ချဲ့ယုတ္တိဗေဒကို ပြန်လည်ထုတ်လုပ်မိစေနိုင်သည်။


ထို့ကြောင့် အာရှတိုက်ဘက်တွင် UNDRIP သည် စွမ်းအားမြှင့်တင်ပေးနိုင်သော်လည်း မိမိတို့ တိုက်ရန် လိုအပ်သည့် မူလသဘောသဘာဝအား မိမိတို့ကိုယ်တိုင်ပင် ပြန်၍အတည်ပြုဖန်တီးခြင်း (re-essentializing) ဖြစ်နိုင်သည့် အန္တရာယ်လည်း ရှိနေသည်။ လူအုပ်စုတခုကို အမြဲတမ်းဖိနှိပ်သူ၊ နောက်တခုကို အမြဲတမ်းပင် ခံရသူဟု ထာဝရတံဆိပ်ကပ်လိုက်သလို ဖြစ်သွားနိုင်သည်။ သို့သော် လက်ရှိတွင် မည်သူတို့၏ လက္ခဏာများ တွေ့ရသနည်းနှင့် ဗြူရိုကရက်ယန္တရားများက မည်သူတို့ကို မျက်နှာသာပေးသနည်းကိုလည်း ကြည့်ရမည်။


ကုလသမဂ္ဂ နှင့် ILO (အလုပ်သမားရေးရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း) တို့သည် (အထူးသဖြင့် ILO ကွန်ဗင်းရှင်း ၁၆၉ တွင်) ဒေသခံတိုင်းရင်းသားများကို ကိုလိုနီခေတ်မတိုင်မီက လူ့အဖွဲ့အစည်းများနှင့် သမိုင်းကြောင်းအရ ဆက်စပ်မှုရှိပြီး၊ လူ့အဖွဲ့အစည်း၏ လွှမ်းမိုးသောကဏ္ဍများမှ ကွဲပြားခြားနားကာ နိုင်ငံတော်အတွင်း ဖိနှိပ်ခံရခြင်း သို့မဟုတ် ပစ်ပယ်ခံရခြင်းကို ခံစားနေရသူများအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုသည်။ ဆိုလိုသည်က စိုးမိုးလက္ခဏာများနှင့် တိုက်ဆိုင်သူများသည် ဌာနေတိုင်းရင်းသား အကာအကွယ်ကို ယူရန် မဟုတ်ဘဲ၊ လက်ရှိတွင် ဘေးရောက်ပစ်ပယ်ဖိနှိပ်ခံရသူများအတွက် အခွင့်အရေးမူဘောင်ကို ပေးရန်ဖြစ်၏။

သို့ဆိုပါက ဘာလုပ်ကြရမည်နည်း။


အာရှရှိ လေ့လာသူများနှင့် တက်ကြွလှုပ်ရှားသူများစွာက ဌာနေတိုင်းရင်းသား အခွင့်အရေးများ၏ အဓိပ္ပာယ်သည် မျိုးရိုးဇာတိအပေါ်တွင်သာ မူတည်၍မရဘဲ အာဏာဆိုင်ရာ ဆက်နွှယ်မှုများကို ကိုလိုနီစနစ်မှ လွတ်မြောက်စေရန်ပြုရမည် (Decolonization of Power Relations) ဟု ဆွေးနွေးကြသည်။ မိမိတို့ တသက်လုံးနေခဲ့သော နေရာတွင် မြေယာနှင့် ယဉ်ကျေးမှု လက်လှမ်းမီမှုကို ရုတ်တရက် ကန့်သတ်မှု ခံလိုက်ရခြင်းသည် ကိုလိုနီခေတ်၏ အမွေအနှစ်ပင် ဖြစ်သည်။ ရုတ်တရက်ကြီး နိုင်ငံတခုအတွင်း သစ္စာခံရန် ဝန်ထုပ်ဝန်ပိုးနှင့် လူနည်းစုဘဝသို့ ရောက်သွားရခြင်းသည် ကိုလိုနီအမွေဖြစ်သည်။ မိမိတို့၏ မျိုးရိုးစဉ်ဆက် အသိပညာများ ရုတ်တရက်ဆိုသလို ဘေးရောက်သွား၍ ဒုတိယတန်းစား (Secondary) ဖြစ်သွားခြင်းသည် ကိုလိုနီအမွေအနှစ်ပင်ဖြစ်သည်။ ထို့ကြောင့် ကိုလိုနီခေတ်အမွေများကို ဖြိုဖျက်ပစ်၍ မည်သူက အသိပညာကို အဓိပ္ပာယ်ဖွင့်ဆိုသည်၊ မည်သူက မြေယာကို ထိန်းချုပ်သည်၊ မည်သူက ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများကို ဆုံးဖြတ်သည်ဟူသော အခြေအနေများအား ပြန်လည်ချိန်ညှိရန် ဖြစ်သင့်သည်ဟု ဆိုကြသည်။


ဆိုလိုသည်မှာ UNDRIP သည် အာရှတွင် မဟာဗျူဟာမြောက် ဒိုင်းကာအဖြစ် လိုအပ်သော်လည်း အတွေးအခေါ်ဆိုင်ရာ အမြင်ရည်မှန်းချက်အနေဖြင့် မလုံလောက်သေးပါ။ စစ်မှန်သော လုပ်ငန်းတာဝန်မှာ "ဌာနေတိုင်းရင်းသားဖြစ်မှု" ကို ပုံသေ အမှတ်လက္ခဏာအဖြစ် မဟုတ်ဘဲ၊ လွှမ်းမိုးမှုနှင့် ပျောက်ကွယ်မှုတို့ကို ဆန့်ကျင်သော ကိုယ်ကျင့်တရားနိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်အဖြစ် ပြန်လည်ရှုမြင်ရန် ဖြစ်၏။ ယင်းသည် လူအများစု သို့မဟုတ် လူနည်းစု၊ မည်သူမဆို မြေပေါ်တွင် နေထိုင်ရုံထက် မြေနှင့်အတူ ရှင်သန်နေထိုင်နိုင်မည့် လမ်းကြောင်းတခုကို ဖန်တီးရန်လည်း ဖြစ်ချေသည်။

----------



[1] နိုင်ငံတနိုင်ငံတည်းတွင် ဗျူရိုကရက်နိုင်ငံတော်၏ တရားဝင်ဥပဒေတခုတည်းသာမကဘဲ၊ ဌာနေတိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်းဥပဒေများကဲ့သို့သော မတူညီကွဲပြားသည့် တရားဥပဒေစနစ်များ အတူတကွ တရားဝင်တည်ရှိနိုင်သည်ဟု လက်ခံသည့် အမြင်ဖြစ်သည်။

[2] United Nations Declaration on the Rights of Indigenous Peoples ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှ အတည်ပြုခဲ့ပြီး၊ ဥပဒေအရ တိုက်ရိုက်စည်းနှောင်မှု မရှိသော်လည်း နိုင်ငံများလိုက်နာရမည့် ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးဆိုင်ရာ စံနှုန်းတခုအဖြစ် ရပ်တည်သည်။ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် ဤကြေညာစာတ မ်းကို ထောက်ခံခဲ့သည်။

[3] Ejército Zapatista de Liberación Nacional (Zapatista Army of National Liberation) ၏ အတိုကောက်ဖြစ်သည်။ မက္ကဆီကိုနိုင်ငံ၊ ချီအာပါ့စ်ပြည်နယ်ရှိ ဌာနေတိုင်းရင်းသားများက ဦးဆောင်ပြီး ၁၉၉၄ ခုနှစ်တွင် စတင်ခဲ့သော လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုဖြစ်သည်။ နီယိုလစ်ဘရယ်ဝါဒကို ဆန့်ကျင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ မြေယာအခွင့်အရေးနှင့် ဌာနေယဉ်ကျေးမှုကို ကာကွယ်ရန် တိုက်ပွဲဝင်ကြသည်။

[4] အစိုးရနှင့် လူမှုဖူလုံရေး၏ အခန်းကဏ္ဍကိုလျှော့ချပြီး ဈေးကွက်ကို လွတ်လပ်စွာဖွင့်ပေးခြင်း၊ အခွန်လျှော့ခြင်းများနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းတို့ကို အားပေးသည့် စီးပွားရေးနှင့် နိုင်ငံရေးအတွေးအခေါ်ဖြစ်သည်။

[5] ၂၀၁၂ တွင် ကနေဒါနိုင်ငံ၌ ဌာနေတိုင်းရင်းသူ အမျိုးသမီးများက စတင်ခဲ့သော အောက်ခြေလူထုလှုပ်ရှားမှုဖြစ်သည်။ ကနေဒါအစိုးရ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေပြင်ဆင်မှုများနှင့် ဌာနေတိုင်းရင်းသားတို့၏ အချုပ်အခြာအာဏာကို ထိပါးမှုများကို ဆန့်ကျင်ကန့်ကွက်ရာမှ စတင်ခဲ့ပြီး ကမ္ဘာတဝန်းသို့ ပျံ့နှံ့ခဲ့သည်။

[6] လူမှုရေး သို့မဟုတ် နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်တခုကို အခြားကြားခံ အစိုးရ သို့မဟုတ် အာဏာပိုင်များ၏ အကူအညီမပါဘဲ၊ မိမိတို့ကိုယ်တိုင် ချက်ချင်းလက်ငင်း အကောင်အထည်ဖော် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ ဤလှုပ်ရှားမှုသည် မိမိတို့လိုချင်သော ပြောင်းလဲမှုကို တိုက်ရိုက်ရရှိရန် သို့မဟုတ် မလိုချင်သော လုပ်ရပ်တခုကို တားဆီးရန် ရည်ရွယ်ပြီး၊ အကြမ်းမဖက်သော နည်းလမ်းများဖြစ်သည့် ဆန္ဒပြမှုများ၊ သပိတ်မှောက်ခြင်း၊ သပိတ်မှောက် လမ်းပိတ်ဆို့ခြင်း စသည်တို့မှသည် အကြမ်းဖက်မှု ပါဝင်သော လုပ်ရပ်များအထိ ပုံမှန်မဟုတ်သော နည်းလမ်းများ ကို အသုံးပြုလေ့ရှိပါသည်။